ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း Oversea Myanmar Professional and Entrepreneur Association (OMPEA)  စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပခဲ့ခြင်း။

တိုကျို၊ စက်တင်ဘာ ၂၂ – ပြည်ပတွင် ရောက်ရှိနေကြသော ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား ကိုယ်စားပြုသည့် Oversea Myanmar Professional and Entrepreneur Association (OMPEA) ၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (၂၁-၉-၂၀၂၅ ရက်) က ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Nishi-Shinjuki ရှိ The KNOT TOKYO Shinjuku အဆောက်အဦ၏ MORE THAN BANZUET event space 2nd Floor တွင်ကျင်းပပြုလုပ်ခဲ့သည်။

ဤအသင်းအဖွဲ့သစ်ကို ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာတွင် ရောက်ရှိနေကြသော မြန်မာ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာကျောင်းသားလူငယ်များအကြား ဆက်သွယ်ရေး ကွန်ရက်ကို အားကောင်းစေရန်၊ အတတ်ပညာ၊ အသိပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် နိုင်ငံတည်ဆောက်ရေး အခန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအတွက် အသိပညာများ၊ နည်းပညာများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပံ့ပိုးကူညီသွားနိုင်ရန် ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ တိုကျိုမြို့ရှိ မြန်မာကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာ ကျောင်းသား လူငယ်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် OMPEA ၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သူ ဦးကြည်သူရှိန်က “OMPEA သည် ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အတွေ့အကြုံ၊ ပညာရပ်ဆိုင်ရာ အရည်အချင်းများနှင့် စီးပွားရေးဆိုင်ရာ ဖန်တီးလုပ်ကိုင်နိုင်မှုစွမ်းအားများကို စုစည်းပြီး မျိုးဆက်သစ်များနှင့် မြန်မာသစ်အတွက် တစ်နေရာတည်းမှ ပံ့ပိုးပေးနိုင်မည့် ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအပြင် အခြားနိုင်ငံများ၌လည်း ဤအသင်း၏ ဆောင်ရွက်မှုများကို တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ ဤအသင်းကြီး၏ စုစည်းမှုမှတစ်ဆင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ၏ အရည်အသွေးကို ကမ္ဘာက ပိုမိုမြင်တွေ့ပြီး၊ မြန်မာနိုင်ငံသားများ၏ အစွမ်းအစများကို ယုံကြည်လာစေရန်၊ “မြန်မာတိုင်း၊ မြန်မာမျိုး အားကိုးလောက်ပေရဲ့” ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

အခမ်းအနားတွင် ရှေ့အနာဂတ် ဤအသင်းကြီးမှ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ပြုလုပ်သွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသည့် ဧည့်သည်တော်များအချင်းချင်း မိတ်ဆက်ခြင်း၊ လူမှုကွန်ရက် ဖွဲ့စည်းခြင်း (Networking) အစီအစဉ်များနှင့်ကိုလည်း ထည့်သွင်းစီစဉ်ကျင်းပခဲ့ပါသည်။

OMPEA သည် ယခုနှစ်အတွင်း အလုပ်အကိုင် မိတ်ဆက်ပေးမည့် အစီအစဉ်များ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ လုပ်ငန်းခွင်နည်းပညာမျှဝေခြင်းဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့အစားအစာ မိတ်ဆက်ပွဲ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

関連記事(かんれんきじ)

Japan Business Kickoff Webinar ကျင်းပပြုလုပ်ခဲ့ခြင်း

ဂျပန်နိုင်ငံတွင် စီးပွါးရေးချဲ့ထွင်ရန် စိတ်ကူးရှိနေသည့် မြန်မာလုပ်ငန်းရှင်များအတွက် OMPEA ၏ မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Suriya က “Japan Business Kickoff – A Strategic Roadmap for Myanmar and SMEs

Read More

OMPEA  နှင့် Trinity Nest တို့မှ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်”

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (သောကြာနေ့) တွင် OMPEA နှင့် Trinity Nest တို့ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်” တစ်ရပ်ကို စတင်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်

Read More